မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးဖွင့်လှစ်သော "လက်တွေ့အသုံးချ ဆေးဝါးနှင့်ဆေးပစ္စည်း လက်လီရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်နည်းသင်တန်း (Retail Pharmacy Management Course) အပတ်စဉ် (၁)" ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ (၁) ရက်၊ နံနက် (၈:၃၀) တွင် အသင်းရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖွင့်ပွဲတွင် အသင်း၏ဥက္ကဌ ဦးဇော်မိုးခိုင် မှ အဖွင့်ကြိုဆိုနူတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော အသင်းဗဟို အလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်များနှင့် မိတ်ဆက်ပေးခဲ့ပါသည်။ ထို့နောက် ဒုတိယဥက္ကဌဒေါက်တာသင်းနွယ်ဝင်းမှ သင်တန်းမှရရှိမည့်အကျိုးကျေးဇူးများနှင့် ယခုကဲ့သို့ လုံးလဝရိယရှိစွာဖြင့် လာရောက်တက်ကြသည့်အတွက် သင်တန်းသားများအတွက်များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့ ပါသည်။ ဆက်လက်ပြီး သင်တန်းမှူးမှ သင်တန်းစည်းကမ်းချက်များအား ရှင်းလင်းဖတ်ကြားခဲ့ပြီး၊ ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာဖြင့် ရုပ်သိမ်းခဲ့ပါသည်။
သင်တန်းကို ၁-၁၂-၁၈ မှ ၂၆-၁-၁၉ ထိ(၂)လခန့် အပတ်စဉ် စနေ နှင့် တနင်္ဂနွေ နေ့များတွင် နံနက် (၉:ဝ၀)နာရီမှ နေ့လည်(၁၂:၃၀)နာရီထိ သင်ကြားပေးမည်ဖြစ်ပါသည်။ သင်တန်းတွင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များကလည်း လာရာက်ရှင်းလင်းဟောပြောမည်ဖြစ်ပြီး နှစ်ပေါင်းများစွာ ဆေးဝါးနှင့်ဆေးပစ္စည်း စီးပွားရေးလောကတွင် အောင်မြင်ပြီး၊ ဝန်ထမ်းများစွာ အလုပ်အကိုင်ပေးနေသော စီးပွားရေးလုပ်ငန်းရှင်များနှင့် ကျော်ကြားသော external trainer များမှ သင်ကြားပေးမည်ဖြစ်သဖြင့် လက်တွေ့ အသုံးချဆေးဝါးနှင့်ဆေးပစ္စည်း လက်လီရောင်းချခြင်းနှင့်ပတ်သက်၍ လုပ်ကိုင်နိုင်စေရန် အလွန်အကျိုးရှိသည့် သင်တန်းဖြစ်ပါသည်။