ရွှေပြည့်စုံစျေး၊ ရွှေမင်္ဂလာစျေးနှင့် ဗိုလ်ချုပ်စျေးသစ်တို့ရှိ အသင်းဝင်ဆေးဆိုင်မိသားစုများနှင့် တွေ့ဆုံသည့် အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့တွင် ရွှေပြည့်စုံစျေး၊ တတိယထပ်ရှိ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအစည်းအဝေးသို့မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဌ၊ ဒုတိယဥက္ကဌ (၂)၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်များ အပါအဝင် ဆေးဆိုင်မိသားစု(၁၅၀) ကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေး၌ ဆေးဝါးနှင့်ဆေးပစ္စည်းများလက်လီလက်ကားဖြန့်ဖြူးရောင်းချနေသော ဆေးဆိုင်များအနေဖြင့် ဆေးစျေးနှုန်းများအား တည်ငြိမ်မှုရှိစေရန်အတွက် ကြိုးစားထိန်းသိမ်း၍ ဆက်လက်ရောင်းချသွားကြပါရန်၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြပါရန်၊ ပြည်သူ့ကျန်းမာရေးအကျိုးရှေးရှုကာ သင့်တင့်မျှတသောစျေးနှုန်းများဖြင့်သာ ပြန်လည်ဖြန့်ဖြူးရောင်းချပေးကြပါရန်နှင့် စျေးကွက်အတွင်း စျေးနှုန်းများ ကြီးမြင့်စွာ ရောင်းချခြင်း၊ စျေးကစားခြင်းများ (လုံး၀) မပြုလုပ်ကြပါရန် လေးနက်စွာ အသိပေးတိုက်တွန်းပြောကြားခဲ့ပြီး ဆေးဝါးများ ပြတ်လပ်မှုမရှိစေရန်အတွက် သွင်းကုန်လိုင်စင်များ စဉ်ဆက်မပြတ် ရရှိနိုင်စေရန် အသင်းမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြ ပြောကြားခဲ့ပါသည်။